နောက်ခံသမိုင်း
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခါ ပင်လုံစာချုပ်တွင် ပါဝင်ခွင့်မရသည့် မွန်နှင့်ကရင်လူမျိုးတို့သည် မိမိတို့ အမျိုးသားအခွင့်အရေးကို ရန်ကုန်အခြေစိုက် ဖဆပလဗဟိုအစိုးရတွင် ငြိမ်းချမ်းစွာတောင်းဆိုခဲ့သော် လည်း လက်နက်ဖြင့်နှိမ်နင်းခဲ့သောကြောင့် မွန်နှင့်ကရင်တော်လှန်ရေး ပေါ်ပေါက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗမာ/မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်းဆိုကာ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ချမှတ်ခဲ့သည့်ပင်လုံကတိကဝတ်ကို ဖျက်သိမ်းခဲ့ပေသည်။ ၎င်းနောက် ချင်း၊ ကချင်၊ ရှမ်းနှင့် ကရင်နီလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးကို အသီးသီးဆင်နွှဲခဲ့ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ မူလပြဿနာသည် တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ကို အာမခံသည့် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်သည်။ ပြည်တွင်းစစ်ရှည်ကြာ လာခြင်းနှင့်အတူ စစ်တပ်၏အာဏာတိုးပွာလာပြီး နောက်ဆုံးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်မှ နိုင်ငံရေးတွင်ပါဝင်ခွင့်ရရှိလာခြင်းကြောင့် ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးတို့ကို စစ်အုပ်စုမှ ဗြောင်ဗြောင်တင်းတင်းပင် ဆန့်ကျင်ခဲ့ပေသည်။
ထို့ကြောင့် တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် လက်နက် ကိုင်တော်လှန်ရေးသည် ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း မအောင်မြင်ခဲ့ပေ။ ဒီမိုကရေစီအခွင့်အရေးနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို မလိုလားသည့်စစ်အုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ စစ်တပ်၏ မတရားအာဏာသိမ်းမှုကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ပေ သည်။ အကြမ်းဖက်စစ်ကောင်စီမှ နွေဦးတော်လှန်ရေးအင်အားစုအား အပြင်းအထန်နှိပ်ကွပ်ပြီးသည့်နောက် ပြည်သူ့ခုခံကာကွယ်သည့် တော်လှန်ရေးတရပ် ပေါ်ပေါက်လာသည်။ ထိုအင်အားစုသည် တိုင်းရင်သားတော် လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁ – ဖက်ဒရယ်ပြည်ထောင်စုကြေညာစာတမ်း ၂၀၂၁ ခုနှစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ ၂၀၂၁ ခုနှစ်ကို ရေးဆွဲပြဌာန်းပြီး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ပေသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ထူထောင်ခဲ့သည့် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ (Mon State Interim Coordinating Committee-MSICC) အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင်လည်းကောင်း၊ အမျိုးသားညီညွတ် ရေးအစိုးရတွင်လည်းကောင်း တက်တက်ကြွကြွပါဝင်ခဲ့ပေသည်။ ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁) နှင့် အစိတ်အပိုင်း (၂) တို့အား အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် MSICC အနေဖြင့် ပဋိညာဉ်ပါ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးနှင့် မိမိပြည်နယ် အတွင်း အာဏာ (၃)ရပ် တည်တန့်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရမည့်တာဝန် အများအပြားရှိနေသည့် အတွက် ပူးပေါင်းဆောင်ရွက်ရေးကော်မီတီအဆင့်မှ ပြည်နယ်ဖက်ရယ်ကောင်စီအဆင့်သို့ တိုးချဲ့ဖွဲ့စည်းကာ ပဋိညာဉ် (၂) ရပ်စလုံးအား အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
မွန်ပြည်ဟူသည်မှာ သမိုင်းကြောင်းကို အခြေခံပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် တချိန်က ထင်ရှားခဲ့သည့် ရာမညမွန်ပြည်ကို ဆိုလိုရင်းဖြစ်ပြီး ၎င်းဒေသအတွင်း မူလဌာနေတိုင်းရင်းသားများဖြစ်သည့် မွန်၊ ကရင်နှင့် ပအိုဝ်းလူမျိုးများသည် မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အပြည့်အဝကျင့်သုံးခဲ့ပြီး ဗမာ/ မြန်မာပဒေသရာဇ်တို့၏ ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်တွင် အစဉ်တစိုက်နေထိုင်ခဲ့ခြင်းမဟုတ် ကြောင်းကို သမိုင်းတွင် အထင်အရှား ဖော်ပြထားသည်။
မွန်ပြည်ဆိုသည်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သည့်အခါ မွန်ပြည်နယ်အတွင်းရှိ အခြား တိုင်းရင်းသားများအနေဖြင့် မိမိစိတ်ဆန္ဒအလျောက် ပါဝင်ခြင်း (Coming Together) သဘောတရားဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် ဖက်ဒရယ်ကောင်စီဟူသည့် အမည်သို့ ပြောင်းရခြင်း၏ ရည်ရွယ်ချက်ကား မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေးအတွက် ပြည်နယ်အတွင်း ညှိနှိုင်းပြီး ဖက်ဒရယ်ပုံစံကို အကောင်အထည်ဖော် ကျင့်သုံးသွားရန်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် တော်လှန်ရေးအင်အားစု နိုင်ငံရေးအင်အားစုများ ပါဝင်နိုင်ရေးတို့ ကို ပံ့ပိုးဆောင်ရွက်သွားရန် ဖြစ်သည်။
၁။ နိုင်ငံရေး ရည်မှန်းချက်များ
- (က) စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျိုးမဆို တိုက်ဖျက်သွားရေး။
- (ခ) မဟာလူမျိုးကြီးဝါဒ Chauvanism နှင့် ဒီမိုကရေစီစနစ်အရ အနိုင်ကျင့်သည့် ပါတီကြီးဝါဒ (Majority Tyranny) များ ချုပ်ငြိမ်းရေး၊
- (ဂ) တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊
- (ဃ) ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး
၂။ နိုင်ငံရေးလမ်းပြမြေပုံ
MSFC ၏ လမ်းပြမြေပုံသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် အစိတ်အပိုင်း (၁) အား မှီငြမ်းပြုပြီး အောက်ပါအတိုင်း ချမှတ်သည်။
- (က) စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မွန်ပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပမွန်နှင့် အခြားတိုင်းရင်းသား များစုစည်းပြီး မွန်ပြည် (ပြည်နယ်အဆင့်) ကောင်စီကို ဖွဲ့စည်းသွားရန်။
- (ခ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်လိုသူ မွန်ပြည်နယ်ပြင်ပရှိ အခြားဒေသမှ မွန်လူမျိုးအင်အားစု များကိုလည်း စုစည်းသွားရန်။
- (ဂ) ပထမအကြိမ် ပြည်သူ့ညီလာခံနှင့် NUCC မှ ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) အရလည်းကောင်း၊ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း) နှင့် အခြေပြုပြီး ကြားကာလဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မွန်ပြည်အုပ်ချုပ်ရေးအစီအမံ (Interim Mon State Administrative Arrangement) တရပ် ချမှတ်သွားရန်။(ဃ) မွန်ပြည်ကြားကာလ အုပ်ချုပ်ရေးအစီအမံအရ မွန်ပြည်နယ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အသွင်သဏ္ဍာန်ပေါ်ပေါက်ရေးတွင် ပြည်နယ်တွင်ကျင့်သုံးရမည့် အာဏာ (၃) ရပ်ကို လက်တွေ့ကျင့်သုံး အကောင် အထည်ဖော်သွားရန်။
- (င) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အာဏာ(၃) ရပ် အပြည့်အဝရှိသည့် ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ပေါ်ပေါက်ရေးအတွက် မွန်ပြည်နယ်ရှိအင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။
- (စ) အသွင်ကူးပြောင်းရေးကာလတွင် ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ဖက်ဒရယ်ယူနစ်တခုအဖြစ် ထားရှိပြီး အသွင်ကူးပြောင်းရေးကာလ မွန်ပြည်နယ်အစိုးရတရပ် ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်သွားရန်။
- (ဆ) အသွင်ကူးပြောင်းရေးကာလအတွင်း မွန်ပြည်အသွင်ကူးပြောင်းရေးအစီအမံတရပ် ရေးဆွဲကာ မွန်ပြည်နယ် အတွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။
- (ဇ) အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတိုင်းတွင် ပါဝင်ကူညီဆောင်ရွက်သွားရန်။