အားလုံးမင်္ဂလာပါ။ ယခုအချိန်အခါမှာ မွန်ပြည်သူများနှင့် မြန်မာနိုင်ငံမှ ပြည်သူများ ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးနိုင်ကြပါစေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ နှစ်သစ်မင်္ဂလာ အခါသမယတွင် ဆုတောင်းအပ်ပါသည်။
မွန်ပြည်မှာ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်များဖြင့် အပြစ်မဲ့ပြည်သူများ၊ လူနေအိမ် များနှင့် ဘုန်းကြီးကျောင်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒီနှစ် နှစ်သစ် သင်္ကြန်ကာလမှာ မွန်လူမျိုးတို့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဘုရားသွား၊ ကျောင်းတက် သီလဆောက်တည်မှုတွေကို မပြုလုပ်နိုင် တော့သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိပါသည်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်ဆောက်ရေး အတွက် မွန်လူမျိုးကို သာမက အခြားသော ကချင်၊ ချင်း၊ ပလောင်၊ ရခိုင်၊ ကရင်၊ ကရင်နီနှင့် ဗမာ တိုင်းရင်းသားလူမျိုးတို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ကျွန်ုပ်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်နေကြသော်လည်း အာဏာနှင့် စည်းစိမ်ဥစ္စာ တပ်မက်သော လူတစုကြောင့် ပြည်သူလူထုများ ငြိမ်းချမ်းစွာ မနေထိုင်နိုင်ခဲ့ပေ။ သို့ပါ၍ ပြည်သူများ အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် တမျိုးတဖုံ ပါဝင်ပြီး တော်လှန်ရေးလုပ်ငန်းများအား ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
နာဲကသုမန် (နိုင်မွန်စိုင်း)
ဥက္ကဌ
ကမ္မတဳပရေင်အုပ်ဓုပ်၊ အုပ်ချုပ်ရေးကော်မီတီ
ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ